ပူးတွဲအပစ်ရပ်စာချုပ်မူကြမ်း အများလေ့လာရန် အဆင်သင့် မဖြစ်သေး ဟုဆို



လွန်ခဲ့သောအပတ် ဧပြီလ ၅−၈ ရက်အတွင်း အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းကိုယ်စားလှယ်များ ပူးတွဲရေးဆွဲခဲ့သည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ အများဖတ်ရှုလေ့လာရန် အဆင်သင့်မဖြစ်သေးကြောင်း ရန်ကုန်အစည်းအဝေးမှ ချင်းမိုင်သို့ ပြန်ရောက်လာသည့် ချင်းအမျိုးသားတပ်ဦး CNF ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဆခုန်း က ယနေ့ပြောဆိုပါသည်။


“အပြင်လူမပြောနဲ့ ကိုယ့်အဖွဲ့အစည်းအတွက်တောင်မှ တင်ပြဖို့ အဆင်သင့်မဖြစ်သေးဘူးဗျ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒေါက်တာဆလိုင်းလျန်မုန်းဆခုန်း (Photo:Nyo Ohn Myint’s Facebook)

အဆိုပါပူးတွဲအပစ်ရပ်စာချုပ်မူကြမ်းမှာ နှစ်ဖက်မှရေးဆွဲထားသော မူကြမ်းနှစ်ရပ်ကို ၄ ရက်အတွင်း ပေါင်းစည်းထားခြင်းဖြစ်သည့်အတွက် အဆင်သင့်မဖြစ်သေးသည်မှာ မဆန်းဟု ရှင်းပြပါသည်။


“သို့သော် ဒီလမကုန်ခင် NCCT (တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးပူးပေါင်းအဖွဲ့) အစည်း အဝေး မတိုင်ခင်မှာတော့ အဆင်သင့်ဖြစ်ပါလိမ့်မယ်။”


ပြီးခဲ့သည့်နှစ် လိုင်ဇာမြို့တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့က ဖွဲ့စည်းခဲ့သည့် NCCT သည် လာမည့်လ ပထမအပတ်တွင် အစိုးရကိုယ်စားလှယ်များနှင့် ရန်ကုန်တွင် ပြန်လည် မတွေ့ဆုံမီ ယခုလကုန်ပိုင်းတွင် ကြိုတင်ညှိနှိုင်းကြမည် ဖြစ်ပါသည်။


ညှိနှိုင်းရမည်မှာ အခန်း ၇ ခန်း (အခြေခံမူများ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အပစ်အခတ်ရပ် စဲရေးဆိုင်ရာကိစ္စများ၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ အာမခံချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် အထွေထွေ)တို့ ဖြစ်ပါ သည်။


“ပြီးခဲ့တဲ့ အစည်းအဝေးမှာတော့ အခန်း ၁ (အခြေခံမူများ)နဲ့ ပတ်သက်ပြီး အချိန်ယူဆွေးနွေးခဲ့ရပါ တယ်” ဟု ဒေါက်တာလျန်က ပြောပါသည်။


အဆိုပါအစည်းအဝေးနှင့် စပ်လျဉ်း၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ကွဲလွဲချက် အများစုမှာ စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်၍ ဖြစ်ကြောင်း၊ အထူး အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။


NCCT ဘက်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း ၆၀% မျှ သဘောတူညီချက်ရခဲ့ကြောင်း၊ ကျန်ရှိသည့် ၄၀% တွင် ၁၀−၁၅%အတွက် ထပ်မံအချိန်ယူဆွေးနွေးရန် လိုအပ်ကြောင်း သတင်းမီဒီယာများအား ဖြေကြားခဲ့သည်။


အဆိုပါ အချိန်ယူဆွေးနွေးရမည့် ၁၀−၁၅% အကြောင်း မေးမြန်းခဲ့ရာတွင် ဒေါက်တာလျန်က “ကျနော် အချက် ၃ ချက်လောက်ကို ထောက်ပြနိုင်ပါတယ်။

၁ − ပူးတွဲအပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့ပြီးတဲ့နောက် ပြဿနာပေါ်လာလို့ ပူးတွဲအဖွဲ့က ဖြေရှင်းတာ ပြေလည်မှုမရရင် အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC)ရဲ့ အဆုံးအဖြတ်ကို ရယူဖို့ဆိုတာ NCCT ဘက်က လက်ခံဖို့ ခက်ခဲမှု
ရှိပါတယ်။

၂ − ကတော့ နှစ်ဖက်လက်ခံပြီးရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်(Framework)ကို UPWC က ရေးဆွဲသွားဖို့ဆိုတာကိုလည်း NCCT ဘက်က ပူးတွဲရေးဆွဲသွားဖို့ လိုလားတယ်။
၃ − ကတော့ DDR/SSR (လက်နက်ဖြုတ်ရေး၊ စစ်မှုထမ်းအဖြစ်မှ ရပ်နားရေး၊ တပ်များ ပြန်လည် ပေါင်းစည်းရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ)နဲ့ စပ်လျဉ်းပြီး အစိုးရဘက်က နိုင်ငံရေးသဘောတူညီချက်မရမီ နိုင်ငံရေးလမ်းပြမြေပုံမှာ ထည့်ထားချင်တယ်။ ဒါကို NCCT က မသင့်လျော်ဘူးလို့ မြင်ပါတယ်။”


စစ်ဖက်ဆိုင်ရာကျင့်ဝတ် (Code of Conduct) နှင့် ပူးတွဲအပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း ခြင်း (Joint Ceasefire Monitoring Team)နှင့်စပ်လျဉ်း၍ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရက်ပေါင်း ၃၀ အတွင်း ရေးဆွဲ အတည်ပြု သွားရန်ရှိကြောင်း သိရသည်။


ထို့အပြင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရက် ပေါင်း ၃၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင် (Framework for Political Dialogue) အတွက် စေ့စပ်ဆွေးနွေးသွားမည်ဟု ဆိုပါသည်။


UPCC ခေါ်  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် NDSC ခေါ် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)မှာ အမည်သာကွာခြားပြီး လက်တွေ့အရ အတူတူပင် ဖြစ်ကြောင်း လေ့လာသူအချို့က ဆိုပါသည်။ နှစ်ဖွဲ့စလုံး အဖွဲ့ဝင် ၁၁ ဦးရှိကြပြီး ကွဲလွဲချက်မှာ NDSC တွင် ဒု−ကာချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပါဝင်သော်လည်း UPCC တွင်မူ ရှေ့နေချုပ်နှင့် သမ္မတအတွင်းဝန်က အစားထိုးပါဝင်ခြင်းမျှသာ ဖြစ်သည်ဟု ဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates