သျှမ်း/မြောက် မူစယ်တွင် နမ့်ပေါ့ချောင်း ရေကြီး လူ ၅ ဦးထက်မနည်း ပျောက်ဆုံး



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် နမ့်ပေါ့ချောင်းရေကြီးမှုတွင် လူ ၅ ဦး ထက်မနည်း ပျောက်ဆုံးနေ ကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

နမ့်ပေါ့ချောင်းရေကြီး လယ်ကွင်းများအတွင်းဝင်ရောက်

ဂျူလိုင်လ ၂၀ ရက်ညတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့်  မူစယ်မြို့နယ် နမ့်ပေါ့ချောင်းရေလျှံကာ ချောင်းတလျှောက်နေထိုင်သည့် ဒေသခံများ ရေဘေးသင့်ခဲ့ကြခြင်း ဖြစ်ပါသည်။


“ညသန်းခေါင်မှာ ရေစတက်တော့ ဗမာအမျိုးသား ၂ ဦး ရေထဲမျောပါသွားတယ်။ လယ်ကွင်းဘေးမှာ နေထိုင်တဲ့ တရုတ်သားအမိ ၃ ယောက် မထွက်ပြေးလို့ ရေထဲမျောပါသွားတယ်။ အခုဒီမနက် ရေစီးနဲ့ မျောပါလာတဲ့ ဗမာအမျိုးသားတဦးရဲ့အလောင်းတော့ တွေ့ပြီ။ ကျန်တာတော့ မတွေ့သေးဘူး။ ရေထဲ မျောပါလာပြီး နီးရာ သစ်ပင်တွေ စင်တွေ ဓါတ်တိုင်ဟောင်းတွေမှာ တွယ်ကပ်နေတဲ့ လူ ၇ ယောက်ကို လည်း ကယ်ဆယ်ရေးအဖွဲ့က ကယ်ထားနိုင်ခဲ့ပါတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်နေသည့် စိုင်းလိတ် က ပြောပါသည်။

နမ့်ပေါ့ချောင်းရေကြီး  ရေဘေးသင့်သူများ 

မန့်ဟီးရိုးမြို့နယ် ၁၉ အုပ်စု၊  ပန်ခမ်းအုပ်စု ကျေးရွာ ၇ ရွာဖြစ်သော စွမ်စော်၊ မန့်ဝိန်း၊ နောင်ယန်း၊ တင်းလုံ၊ နောင်ခို၊ စယ်လန့် တို့တွင် အများဆုံး ရေဘေးသင့်ကြပြီး တဲအိမ်များ တထပ်တိုက်ပု အိမ်ရှင် များမှာ ကုန်းပေါ်ရှိ အမျိုးများအိမ်သို့ သွားရောက်ခိုလှုံရကြောင်း၊ ၂ ထပ်အိမ်ဆောင်မှအိမ်သားများမှာမူ အိမ်အပေါ်ထပ်တွင် နေထိုင်ကြရကြောင်း ဆိုပါသည်။


“စွမ်စော်ဘက်မှာ မနေ့က ခါးလယ်လောက်ရှိတယ်။ ဒီနေ့တော့ တချို့နေရာတွေ ရေကျသွားပြီ။  တင်းလုံ-နောင်ယန်းတို့ဘက်မှာတော့  သွားလာလို့မရသေးဘူး။ လယ်ဧက အားလုံး ၃၀၀ ကျော် ပျက် တယ်။ ၃-၄ ပေလောက် ထွားကျိုင်းနေပြီဖြစ်တဲ့ ပြောင်းခြံတွေလည်း ရေလွှမ်းကုန်တယ်။ ပြောင်းခြံ သမားတွေတော့ အခက်တွေ့ပြီ ဒီနှစ် ” - ဟု   ဒေသခံလူငယ် စိုင်းခမ်းကလည်း ပြောသည်။

 ရေများ နေအိမ်များအတွင်းဝင်ရောက် 

မူစယ်မြို့နယ်အတွင်း ဖြတ်သန်းသည့် နမ့်ပေါ့ချောင်းရေသည် မိုးတွင်းကာလ နှစ်တိုင်း ရေလျှံမှု ဖြစ်ပွါး သော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် စောစီးစွာ ချောင်းရေလျှံသည်ကို တွေ့ရကြောင်း ဒေသခံ များက ပြောပါသည်။


ရေကြီးမှုကြောင့် ယမန်နေ့က မူစယ်-နမ့်ခမ်း ကားလမ်းကိုပါ ခေတ္တပိတ်ထားခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates