တပ်မတော်စစ်ကြောင်းအား သျှမ်းပြည်တပ်မတော်လိုက်လံတိုက်ထုတ်



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဟာ့ဝမ့်ကျေးရွာအုပ်စု အတွင်း အခြေစိုက် သည့် SSPP/SSA တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မြန်မာ့တပ်မတော် ခလရ ၂၄၈ တပ်ရင်းအား အဆိုပါအုပ်စု အတွင်းမှ ဂျူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက လိုက်လံတိုက်ထုတ်နိုင်ခဲ့ သည်ဟု ရှေ့တန်းရောက် SSPP/SSA တပ်မှူး ကပြောသည်။




ဂျူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းမှ ၂၁ ရက် နံနက်ပိုင်းအထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ အရှေ့ ဘက် ၈ မိုင်အကွာရှိ ဟာ့ဝမ့်အုပ်စုဝင် ကောင်းစဝ်မိန်းတပ်စခန်းအား အစိုးရတပ်ခလရ ၂၄၈ ကအကြိမ် ကြိမ်တိုက်ခိုက်ခဲ့ ပြီး ၂၀ ရက်နေ့ ညက ကောင်းစဝ်မိန်းတပ်စခန်းကို ဝန်းရံ ထားခဲ့ကြသည်ဟု ဆိုပါသည်။

SSPP/SSA ကလည်း မြန်မာ့ တပ်မတော်၏ အပြင်စည်းတွင် ထပ်မံအင်အားဖြည့်ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်သောကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ် ပွားခဲ့သည်။

၂၁ ရက်နေ့ မွန်းလွဲပိုင်း အဆိုပါတပ်များ ဝမ့်ဝပ်အုပ်စု နှင့် ဟာ့ဝမ့်အုပ်စုမှ ပန်စယ်ဘက်သို့ တပ်ဆုတ်ပြန်သွားမှသာ တိုက်ပွဲ ယာယီပြီးဆုံးသွားကြောင်း ရှေ့တန်းရောက် တပ်မှူး ဖှလျှပ်က ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲသံမကြားရတော့ဘူး။ ကျနော်တို့ကိုဘာဖြစ်လို့လာတိုက်တာလဲဗျာ။ လူထု တော်တော် ဒုက္ခရောက်တယ်။ မိုးတွင်းလေ။ သူတို့တွေက သျှမ်းပြည်ရာသီဥတုနဲ့လည်း မရင်းနှီးဘူး ကော်။ သျှမ်းပြည်ထဲမှာ အခြေစိုက်ဆိုပေမယ့် အောက်ပြည်က လာတဲ့သူတွေဘဲ။ ကျနော်တို့ဘက်တော့ ဒဏ်ရာ ရတဲ့သူတော့ရှိတယ်။ ကျဆုံး တာတော့မရှိဘူး။ သူတို့ဘက်လည်း ဘယ်လောက်သေကြေ ဒဏ်ရာ ရလဲမသိဘူး ။ ဒီနေ့တော့ ကျနော်တို့ ကွင်းဆင်း ကြည့်နေတယ်။ သူတို့က ဒီဒေသကနေ ဆုတ်ခွါတော့ ရွာသားတွေလဲ ဝမ်းပမ်းတသာနဲ့ အိမ်ပြန်တာတွေရှိတယ်။ တချို့လဲ အခြေအနေကို စိတ်မချသေးလို့ တောထဲပုန်းနေတာတွေလဲရှိတယ်။ အခု သူတို့ကို လိုက်ရှာပြီး ရွာပြန်ဖို့ စည်းရုံးနေ တုန်း” - ဟု ပြောသည်။

ကျေးသီးမှ အစိုးရတပ် အသိုင်းအဝိုင်းကလည်း - ကျေးသီးကနေ အင်အားထပ်ဖြည့်ဖို့ ပြင်နေတယ် လို့ကြား တယ်။ အောက်ခြေတပ်သားတွေတော့ စစ်မတိုက်ချင်ဘူး ပြောနေတယ်။ အထက်ကို မလွန်ဆန်နိုင်ဘူး၊ ဒါပေမယ့် စစ်ရေးအရ ဟာ့ဝမ့်နား က သျှမ်း တပ်ကို သိမ်းနိုင်ရင် တာ့ဖါဆောင်၊ ကျိန်းလိန်အထိ ထိန်းချုပ်နိုင်ပြီလို့ပြောတယ်။ ဝိုင်းတိုက်ဖို့ ကွန်မန်ဒို တပ်လဲ ပြင်ထားတယ်ပြောတယ် - ဟု ဆိုသည်။

ကျေးသီးမြို့ အရှေ့ - မြောက်ဘက်ရှိ သျှမ်းပြည်တိုးတက်ရေးပါတီ၏ တာဖါဆောင်တပ်စခန်းအား တပ်ဆုတ်ဖယ်ပေးရန် ဒေသတွင်း မြန်မာစစ်တပ်က ဂျွန် လ နှောင်းပိုင်းက အင်အားသုံးတိုက်ခိုက် ခဲ့သည်။ ထို့အပြင်ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်တို့ ကလည်း ဂျူလိုင် ၈ ရက်က နေပြည်တော် ရောက် သျှမ်းပြည် တပ်မတော် ကိုယ်စားလှယ်ထံ တပ်စခန်းဆုတ်ပေးရန် ပြောကြားထားသည်။
သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူ လက်မှတ် ရေးထိုးထားကြပြီးဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates