ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပြီလား



ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC ၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့နိုင်ငံရေးပါတီ ၃၄ ပါတီတို့ “သုံးပွင့်ဆိုင်အစည်းအဝေး” ကို သြဂတ်စ်လ ၁၈ ရက် ကနေ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။



ဒီသုံးပွင့်ဆိုင်အစည်းအဝေးမတိုင်ခင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီလက်မှတ်ရေးထိုးဖို့အတွက် UPWC နဲ့ NCCT တို့ ၁၅-၁၇ သုံးရက်တာဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲကနေ အစိုးရဖက်က ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ သဘောတူတယ်၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးပြီးရင် ၂၄ နာရီအတွင်း အကောင်အထည်ဖော်ရမယ်−စတဲ့ရလဒ် ကောင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့သဘောတူညီမှုမရရှိဘဲဆက်လက်ဆွေးနွေးဖို့အချက်အလက်တွေလည်းရှိသေးတယ်လို့ NCCT အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ပင်လုံစိတ်ဓာတ်၊ပင်လုံကတိကဝတ်ကအဓိကပေါ့။နောက်ကိုယ်ပိုင်ပြဌာန်းခွင့်မှာဥပဒေနဲ့အညီလို့ထည့်ထားတယ်။ ဒါတွေကိုပြန်ဆွေးနွေးရမယ်။”

UPWC နဲ့ NCCT တို့ ၁)အခြေခံမူများ ၂)ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ ၃)အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၄)အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ ၅) နိုင်ငံရေးဆွေးနွေး ပွဲအတွက် အာမခံချက်များ ၆)ရှေ့လုပ်ငန်းစဉ်များ ၇)အထွေထွေစတဲ့အခန်း ၇ ခန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့သုံးပွင့်ဆိုင်အစည်းအဝေးမှာ NCCT ရဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဟံသာက “အပစ်ခတ်ရပ်စဲရေးကာလမှာ ဘယ်လိုနေထိုင်သွားလာလှုပ်ရှားမယ်။ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေး ထိုးရင် ဘယ်အဖွဲ့တွေပါမယ်။ နိုင်ငံရေးဆွေးနွေးရင် ဘယ်အဖွဲ့တွေပါမယ်ဆိုတာကို ဆက်ဆွေးနွေးရမယ်” လို့ ပြောပါတယ်။

UPWC ရဲ့ဒု−ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်မင်းကလည်း သဘောတူညီချက်မရသေးတဲ့အချက်အားလုံး ၁၂၂ ချက် ရှိတဲ့အထဲမှာ အရင်က ၃၁ ချက်ကျန်ကြောင်း၊ ယခုတဖန်ဆွေးနွေးရာ ၄−၅ ချက်သာ ကျန်တော့ကြောင်း ဆိုပါ တယ်။

လာမဲ့စက်တင်ဘာလထဲမှာ UPWC နဲ့NCCT တို့ပြန်ဆွေးနွေးမှာဖြစ်ပြီး သဘောတူညီချက်အားလုံး ရယူနိုင် မှာဖြစ်ကြောင်း၊ အောက်တိုဘာလကုန်မှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့  ၉၅% ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက သတင်းထောက် တွေကို ဖြေကြားခဲ့ပါတယ်။

သုံးပွင့်ဆိုင်အစည်းအဝေးမှာ နိုင်ဟံသာက “ကျနော်တို့ကိုသောင်းကျန်တဲ့သူတွေလို့ပြောကြတယ်။ ဒါပေမဲ့ ကျနော်တို့တော်လှန်ရေးလုပ်တာဟာ သောင်းကျန်းဖို့အတွက်မဟုတ်ဘူး။ ကျနော်တို့အခွင့်အရေးတွေ ရှုံးဆုံးရတယ်။ အခွင့်အရေးပြန်ရအောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းပြန်တော့လည်းမရဘူး။ ကျနော်တို့ အနိုင်ကျင့်ဖိနှိပ်တာတွေခံခဲ့ရတယ်။ ဒါကြောင့်တော်လှန်ပုန်ကန်ရတာ။ ဒီပြည်ထောင်စု ပန်းဥယျာဉ်မှာ ပန်းမျိုးတရာ ဝေဝေဆာဆာ လှလှပပ ဖူးပွင့်နိုင်ဘို့ လိုပါတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆွေးနွေးပွဲကရရှိလာတဲ့သဘောတူညီချက်တွေကိုလွှတ်တော်ကအသိအမှတ်ပြုဖို့ကြိုးစားသွားမယ်လို့လည်း UPWC ရဲ့ဒု−ဥက္ကဋ္ဌ ၂ ဦးသိန်းဇော်ကလည်း ပြောပါ တယ်။

KIA ဒု−စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ၃နှစ်ကြာပြီဖြစ်ပေမဲ့ မအောင်မြင်သေး ဘူးလို့ ပြစ်တင်ဝေဖန်တဲ့သူတွေလည်းရှိကြောင်း၊ ဒါပေမဲ့ တချို့နိုင်ငံတွေတောင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ မှာ ၅ နှစ် အထိ ကြာမြင့်သေးကြောင်း၊ ဒါကြောင့် စိတ်ရှည်ရမည်ဖြစ်ကြောင်း ဆိုပါတယ်။

နိုင်ငံရေးပါတီတွေအားလုံးလိုလို တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တွေကို ကျေနပ်အားရကြောင်း၊ ဝမ်းမြောက်ဝမ်းသာကြောင်း ဆိုပါတယ်။

KIO ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ(ယခု ကချင်ပြည်နယ်ဒီမိုကရတ်တစ်ပါတီဥက္ကဌ) ကတော့ − “အရေးကြီးဆုံးက ဝမ်းသာခြင်းကနေ ဝမ်းနည်းခြင်း ပြောင်းလဲမသွားဖို့ ကြိုးစားရမယ်။ ဒါကြောင့် ကာလရှည် ကြာတယ်ဆိုတာ ကြာသင့်ရင်ကြာရမယ်။ ဒါပေမဲ့ မကြာသင့်တာကိုကြာအောင် အချိန်ဆွဲထားတာမျိုးတော့ မဖြစ်သင့်ဘူး” လို့ ဆိုပါတယ်။

SNLD ဒု−ဥက္ကဋ္ဌ စိုင်းစောအောင်ကတော့“ငြိမ်းချမ်းရေးအလင်းရောင်သန်းလာပြီ” လို့ ဆိုပါတယ်။

ဆွေးနွေးပွဲရဲ့နိဂုံးမှာတော့ နိုင်ဟံသာက “အခုကျနော်တို့အနာနဲ့တည့်တဲ့ဆေး ရှာတွေ့ပြီ။ အဲဒီဆေးကို အသုံးပြုပြီး ရဲရဲဝံ့ဝံ့နဲ့ အနာကို ကုသသွားဖို့ဘဲလိုတယ်” လို့လည်း ပြောကြားသွားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေတဆင့် ဝမ်းသာစရာ ဝမ်းနည်းစရာတွေကြားကနေ ငြိမ်းချမ်းရေးရောင်ခြည် သန်းလာပြီလားဆိုတာ…




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates