အင်အားကြီးစစ်ရေးမဟာမိတ် ၃ ဖွဲ့ ကာချုပ်နှင့်တွေ့ဆုံ



သျှမ်းပြည်တွင်းရှိ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် သုံးခုဖြင့်ဖွဲ့စည်းထားသော  စစ်ရေးမဟာမိတ်အဖွဲ့ နှင့် နေပြည်တော်အစိုးရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့  ဩဂတ်စ်လ ၂၅ ရက်က   နေပြည်တော် ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံခဲ့ကြသည်။



အဆိုပါတွေ့ဆုံမှုတွင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု ပန်ဆန်းဌာနချုပ်ရုံး အရာရှိ တဦးကပြောသည်။

“မနေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ကာချုပ် မင်းအောင်လှိုင်က လက်ခံတွေ့ဆုံတယ်။ ဒီနေ့ ရန်ကုန်ဆင်းမယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမယ်။” - ဟု အဆိုပါ အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်ကပြောသည်။

အဆိုပါခရီးစဉ်တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS (မိုင်းလားတပ်ဖွဲ့) အား ဦးဆန်းပေ (ဒု ဉက္ကဌ) ဦးဆောင်သည့် ၁၂ ယောက်အဖွဲ့ ၊ UWSA ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် ဦးရှောက်မင်လျဲန် (ဒုဥက္ကဌ) ဦးဆောင်သည့် ၁၆ ဦးအဖွဲ့ ၊  SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်  မှ ဒုဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း ဦးဆောင်သည့် ၁၂  ဦးအဖွဲ့တို့က ကာချုပ်နှင့်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၂၀၁၁ ဂျွန်လမှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်မတော် စစ်ကြောင်းများ ရပ်တန့်ရေးအတွက်  စစ်ရေးမဟာမိတ်ဖြစ်သော အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့၊ အထူးဒေသ (၂) UWSA ဝ တပ်ဖွဲ့ နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့က   ၂၀၁၃  နှစ်ဆန်းပိုင်းက ပူးပေါင်းတောင်းဆိုခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates