နိုင်ငံရေးဆွေးနွေးသည့်အခါ ပါတီများ တာဝန်ပိုကြီးလာဟု SNLD ဆို



တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးသည့်အခါ နိုင်ငံရေးပါတီများ တာဝန်ပိုကြီးလာမည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ဆိုပါသည်။

 SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် (Photo:SHAN)

“နိုင်ငံရေးဆွေးနွေးရင် ပါတီတွေ တာဝန်ပိုကြီးလာမယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဘယ် လိုလုပ်ရမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ရမယ်။ လိုချင်တာ ရချင်တာကို ရအောင်ယူနိုင်ဖို့အတွက်ပေါ့။ နိုင်ငံရေးဆွေးနွေးတဲ့အချိန်ကျရင် အဖြေတွေ ထွက်ပေါ်လာမှာပါ။ ဆုံးဖြတ်ချက်တွေ ရမှာပါ” ဟု စိုင်းညွှန့်လွင် က ပြောပါသည်။


နိုင်ငံရေးဆွေးနွေးပွဲအတွက် SNLD ဘက်မှလည်း နိုင်ငံရေးဆွေးနွေးသည့်အခါမည်သည့်အကြောင်း ဆွေးနွေးမည်၊ မည်သည့်သဘောတူညီချက်များ ထားရှိမည်၊ မည်သည့်ရည်ရွယ်ချက် ထားရှိမည်ကို တခြားအဖွဲ့များနှင့် ဆွေးနွေးကြောင်း၊ တခြားအဖွဲ့များထံမှ အတွေးအခေါ်သစ်များကိုလည်း နားထောင်သကဲ့သို့ ပြည်သူ့အသံကိုလည်း နားစွင့်ကြောင်း ဆိုပါသည်။


ယခု အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည်မှာ ကောင်းမွန်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့်အရာဖြစ်ကြောင်း၊ သို့သော် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအတွက် သဘောတူညီချက် မရသေးသည့် အချက်များကို ကြိုးစားရယူရ မည်ဟု စိုင်းညွှန့်လွင်က ပြောပါသည်။


“သဘောတူညီချက်အားလုံးရဖို့  တော်တော့်ကို ကြိုးစားရမယ်။ အခုဆွေးနွေးတာက သဘောတူညီ ချက်အားလုံး ရပြီးရင်လည်း ငြိမ်းချမ်းရေးရပြီလို့ မဆိုနိုင်ဘူး။ အခုက အပစ်ရပ်ဖို့ဘဲ။ အပစ်ရပ်ပြီးမှ ငြိမ်းချမ်းရေးကိုသွားမှာ။ တိုင်းပြည်တခုမှာ ငြိမ်းချမ်းရေးမရှိရင် မဖြစ်ဘူး။ သျှမ်းပြည်ကိုဘဲကြည့်။ သျှမ်းပြည်မှာ မငြိမ်းချမ်းတော့ ပြည်သူတွေ ဒုက္ခရောက်တယ်။”


လွန်ခဲ့သည့် သြဂတ်စ်လ ၂၉ ရက်နေ့၌လည်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNFC နှင့် တွေ့ဆုံရာ၌လည်း တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း UNA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် စိုင်းညွှန့်လွင်က ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates