ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့ SSLDO သင်တန်းပေး
သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့ SSLDO မှ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တော်တော်များများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နေကြောင်းသိရပါသည်။
ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်ခမ်းရွာက ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့အလုပ်ရုံဆွေးနွေးပွဲ |
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒီဒေသတွေဘာကြောင့်မပါဝင်တာလည်းဆိုတာကို သွားရောက်လေ့လာပြီး ဒေသခံလူထုတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဟု SSLDO နှင့်လက်တွဲကာ ဆွေးနွေးပွဲပြုလုပ်ပေးခဲ့သော ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ နန်းဝါနုကပြောသည်။
သျှမ်းပြည်တောင်ပိုင်း ဒေသဖွံ့ဖြိုးရေးအဖွဲ့ ( SSLDO ) ၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း နှင့် မေတ္တာရေးဖောင်ဒေးရှင်း အဖွဲ့တို့ ပူးပေါင်းကာ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင် နှင့် ( ပင်လုံ ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေး ကျေးသီး ) မြို့နယ်များသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သြဂတ်စ်လကတည်းက ကွင်းဆင်းကာ ဆွေးနွေးပွဲများ ပြုလုပ်သွားခဲ့ခြင်းဖြစ်ပါသည်။
ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်ခမ်းရွာတွင်လည်း ပထမအကြိမ် သင်တန်းရိပ်သာကို စက်တင်ဘာလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟုဆိုပါသည်။
မေတ္တာရေးဖောင်ဒေးရှင်းအဖွဲ့ဝင်ဖြစ်သော မစန်းဝေက " ကျမတို့ ဒီကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ သင်တန်းရိပ်သာ ၃ နေရာဖွင့်ထားပါတယ်။ မြစ်ကြီးနား၊ ပဲခူး နဲ့ နောင်ခမ်း မှာပါ ။ ဒေသတွင်းလူထုရဲ့လိုအပ်ချက်တွေကိုလည်း လေ့လာရင်းပေါ့ " ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူ့စွမ်းအားတိုးတက်ဖွံ့ဖြိုးရေးနှင့်ဒေသအတွင်းဖွံ့ဖြိုးရေးအတွက် ပညာရေး ၊ ကျန်းမားရေး၊ လူမှုရေး၊ စီးပွားရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ ဒေသအတွင်းထွက်ကုန်များ ဈေးကွက်ရရှိရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအစရှိ ဒေသခံများ၏ လိုအပ်ချက်များကို ရည်ရွယ်ချက်တူညီသောပုဂ္ဂိုလ်များ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်သည်ဟုလည်းသိရှိရပါသည်။
" ကျနော်တို့ပင်လုံမြို့မှာလည်း မေတ္တာရေးဖောင်းဒေးရှင်းဖြစ်မြောက်ပြီး လက်တွေ့အလုပ်လုပ်သွားနိုင်ဖို့အတွက် နောင်ခမ်းကျေးရွာမှာသင်တန်းဖွင့်နေတဲ့ ကျွန်းတစ်ထောင်မြေဖောင်းဒေးရှင်းနာယက ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု နဲ့ သွားရောက်ဆွေးနွေးခဲ့ပါသေးတယ် " ဟု ပင်လုံမြို့ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဖြစ်သော လုံးစိုင်းရွက်တိုင်းက ပြောသည်။
" ဒီဆွေးနွေးပွဲကို တက်လိုက်ရတဲ့အတွက် ကျမတို့အတွက် ဗဟုသုတကြွယ်ဝစေပါတယ် ၊ ကျမတို့ စိုက်ပျိုးရေးအပိုင်းတွေမှာ ဆိုရင်လည်း ဓာတ်မြေသြဇာမသုံးဘဲ သဘာဝမြေသြဇာတွေသုံးဖို့ စတာတွေပေါ့နော်။ အခုနောက်ပိုင်း သဘာဝမြေသြဇာတွေကို တော်တော်များများပြန်သုံးလာနေတာတွေ့ရပါတယ်" ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့ကို ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းပြီး ၂၀၀၃ ခုနှစ်ကတည်းကစပြီး ကျေးလက်ဒေသခံ ရွာသူ/သားများအား စိုက်ပျိုးရေး၊ လူမှုရေး စီးပွါးရေး စသည့် သင်တန်းများ ပေးသွားကြောင်းသိရှိရပါသည်။
Tags: News, Social