KIA ဗိုလ်သင်တန်းကျောင်းအား အစိုးရတပ်မတော်တိုက်ခိုက်မှု UNFC ရှုတ်ချ



ကေအိုင်အေ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ  ကေအိုင်အေ ဗိုလ်လောင်းစစ်သင်တန်း ကျောင်းသို့ အစိုးရ တပ်မတော်မှ လက်နက်ကြီးနှင့်ပစ်ခတ်သည့်လုပ်ရပ် ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ကြေငြာချက်ဖြင့် ရှုတ်ချလိုက်သည်။



နိုဝင်ဘာ ၁၉ ရက်တွင် လိုင်ဇာမြို့အနီးရှိ တပ်စွဲထားသော အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ခမရ (၃၈၉) သည် လက်နက်ကြီး ၁၀၅ မမ ဖြင့် ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းကို ပစ်ခတ်လိုက်ခြင်းကြောင့် ဗိုလ်လောင်း ၂၂ ဦး သေဆုံးပြီး ၁၆ ဦး  အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။

ယင်းလုပ်ရပ်အပေါ် UNFC က နိုဝင်ဘာ ၂၀ ရက်နေ့စွဲဖြင့်အပြင်းအထန် ရှုတ်ချလိုက်ကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။

 “ယုံကြည်မှုတည်ဆောက်တဲ့ ကာလမှာ အခုလို ယုံကြည်မှုပျက်ပြားအောင် တပ်မတော်ဖက် က ရုတ်တရက် အလစ်ငိုက်သဘောမျိုး လှုပ်ရှားတာကတော့ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို တမင်တကာပိတ်လိုက်တဲ့ သဘောမျိုးဖြစ်တယ်လို့ကျနော်တို့ ဖက်ကခံစားရတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှုး ခူးဦးရယ်က
ပြောသည်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနှင့် ပြည်သူတို့လိုလားတောင့်တနေသည့်ငြိမ်းချမ်းရေးဖြစ်စဉ်အား အတိမ်း အစောင်း ဖြစ်စေသော၊ နှောင့်နှေးကြန့်ကြာစေသော၊ လမ်းလွဲစေသော လုပ်ရပ်မှန်သမျှ ပြတ်ပြတ်သားသား
ဆန့်ကျင်သွားမည်ဟု UNFC ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်ဆက်တည်းမှာပင် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းက  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလမှသာ ပြင်ဆင်နိုင်မည်ဟု ထုတ် ပြန်ရှင်းလင်းမှု နှင့်လည်း တိုက်ဆိုင်နေသည်မှာ စစ်ရေး နိုင်ငံရေး ပူးပေါင်း ကြံစည်မှုတစ်ရပ်ဟု ယူဆနိုင်ကြောင်း ကြေငြာချက်တွင်ပါရှိသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) သည် သျှမ်းပြည်တပ်မတော်မြောက် ပိုင်းအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates