လယ်ယာမြေများအား အမြတ်ထုတ် သိမ်းပိုက် ရန် ဆောင်ရွက်နေမှုအား ပြည်ထောင်စု လွှတ်တော် ဥက္ကဌကြီး သိစေရန်



သို့- သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ

တပ်မတော်မှ ပြန်လည်စွန့်လွှတ်သည့် စမ်းကြီးဝ လယ်ယာမြေများအား အမြတ်ထုတ် သိမ်းပိုက် ရန် ဆောင်ရွက်နေမှုအား ပြည်ထောင်စု လွှတ်တော် ဥက္ကဌကြီး သိစေရန် တင်ပြပါ သည်။

၁၉ ၉ ၆ ခုနှစ်က တပ်မတော်မှ သိမ်းဆည်းထားသော မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီး နှင့် ခရေပင်လမ်းတို့ကြားတွင် တည်ရှိသည့် စမ်းကြီးဝ လယ်ယာမြေများအား တပ်မတော်မှ ပြန်လည် စွန့်လွှတ်ပေးပြီး ၄င်းတို့သိမ်းဆည်းခဲ့သည့် လယ်သမားကြီး များထံ ပြန်လည်ပေး အပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့  ပြန်လည်အပ်နှံပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း သက်ဆိုင်ရာ ရပ်/ကျေးအဆင့်ထိ လယ်သမား များအား ပိုင်ဆိုင်မှုတင်ပြ၍ ပြန်လည်ပေးအပ်ရန် စီစဉ်ခဲ့ပါသည်။ ယင်းလယ်မြေ များသည် လည်း ယခုအခါ တန်ဘိုးရှိသည့် လယ်မြေများ ဖြစ်လာခဲ့ပါသည်။

ရပ်ကွက်အဆင့် မြေယာစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌဖြစ်သည့် စမ်းကြီးဝရပ်ကွက် အုပ်ချုပ် ရေးမှူး အောင်မြင့်ဟန်မှ ဦးဆောင်၍ လယ်သမားများ၏ ပိုင်ဆိုင်မှု အထောက်အထား များ အား စိစစ်၍ မင်္ဂလာဒုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့ပါသည်။

ယင်းသို့ပထမအကြိမ် တင်ပြခဲ့ပြီးသည့် အချိန်တွင် ယင်းလယ်ယာမြေများအား ပြည်ထောင်စု လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်း၏ သားများဖြစ်သော အောင်သက်မန်း၊ တိုးနိုင်မန်းတို့ ၏ ကိုယ်စားလှယ်ဟု အမည်တပ်၍ ဇော်လွင်ဦး ဆိုသူမှ ယင်းစမ်းကြီးဝ လယ်မြေဧကပေါင်း ၅၀ မှ ၁၀၀ ကြားအား တစ်ဧကလျှင်ကျပ်သိန်းပေါင်း ရာထောင်ချီပေး၍ လိုက်လံဝယ်ယူခဲ့ပါသည်။ ယင်းသို့ လိုက်လံဝယ်ယူရာတွင် အမှန်တကယ် မပိုင်ဆိုင်သော သူများများထံမှလည်း ကြိုတင်၍ သိန်းထောင်ချီပေးကာ ဝယ်ယူမိခဲ့ပါသည်။ ဝယ်ယူပြီးကာမှ အထောက်အထား မပြနိုင်သူများ ဖြစ်နေသည့်အတွက်ကြောင့် ၄င်းဝယ်ယူထားသူများအား ပိုင်ဆိုင်သူ ဖြစ်အောင် အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် မြေယာစီမံခန့်ခွဲရေး ကော်မတီဝင်များအား သိန်းရာနှင့်ချီ ပေး၍ လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုလည်း သိန်းရာနှင့်ချီပေး၍ လည်းကောင်း၊ ကနဦး မှန်ကန်စွာ စိစစ်တင်ပြထားသော အမှုတွဲများကိုပြန်လည် စိစစ်စေ၍ ၄င်းဝယ်ယူထား သူများက လက်ရှိပိုင်ဆိုင်မှု ဖြစ်အောင် လာဘ်ပေး၍ ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။

မြို့နယ်အဆင့် အောင်မြင်သွားသည့်အခါ ခရိုင်အဆင့်တွင် အဓိကကျသည့် ဝန်ထမ်းဖြစ်သော ရန်ကုန်မြောက်ပိုင်း ခရိုင် ခရိုင်မြေစာရင်းမှူး ဦးမင်းနောင်အား ၄င်းဝယ်ယူထားသော စမ်းကြီးဝ လယ်ယာမြေဧကများအတွက် ကျပ်သိန်းငါးရာတိတိ ပေးပြီး မြေအားစိစစ်မှု အမှုတွဲများကို အတည်ပြု ဆောင်ရွက်စေခဲ့ပါသည်။ ဝန်ထမ်းများ အနေဖြင့် အမှားကိုအမှန်ဖြစ်အောင် ထင်ပေါ်နေသည့် ကိစ္စများအား လာဘ်ငွေရယူ ဆောင်ရွက်ခြင်းကို သာမန်အားဖြင့် မပြုလုပ်ရဲ သော်လည်း အောင်ဆက်မန်း၊ တိုးနိုင်မန်း ဟူသောအမည်များဖြင့် ဆောင်ရွက်မှုကြောင့် ရဲတင်းစွာ ဆောင်ရွက် ပေးခဲ့ပါသည်။

ဤဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးသော မြို့နယ်/ကျေးရွာ မြေယာစီမံခန့်ခွဲမှု ကော်မတီဝင်များ အားလုံးနှင့် ခရိုင်မြေစာရင်းမှူးအထိ လာဘ်ငွေသိန်း ရာနှင့်ချီပေးကာ သာမန်တောင်သူ လယ်သမားမိသားစုများ၏ မြေကို ငွေနှင့်သိမ်းပိုက် ရယူမည့် ဇော်လွင်ဦး ဆိုသော အောင်သက်မန်း၊ တိုးနိုင်မန်းတို့၏ မန်နေဂျာ ဆိုသူ၏ ဆောင်ရွက်မှုသည် လွှတ်တော် ကိုယ်စားလှယ် များကိုလည်း ငွေပေးစည်းရုံးနိုင်သည့် အဆင့်သို့ရောက်ရှိနေပြီ ဖြစ်ပါသည်၊ ဆက်လက်၍ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် ဝန်ကြီးများထိပါ စည်းရုံးလာဘ်ပေး နိုင်ပါက စမ်းကြီးဝ လယ်ယာမြေများသည် ၄င်းတို့လက်တွင်းသို့ ကျရောက်သွား မည်မှာ ဧကန်မလွဲ သေချာနေပါသည်။

စမ်းကြီးဝ လယ်ယာမြေ အမှန်ပိုင်ဆိုင်သူ လယ်သမားမိသားစုများ၏ ဘဝကို ပြည်ထောင်စု လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်း အနေဖြင့် နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သောကြောင့် သားများ၏ လုပ်ရပ်ကို လစ်လျုရှု ဥပေက္ခာပြုမည့်သူတစ်ဦး မဟုတ်နိုင်ဟုအားကိုးကြီးစွာဖြင့် ဖွင့်ဟတင်ပြ အပ်ပါသည်။

အမှန်လယ် ပိုင်ဆိုင်သူ မိသားစုများ
စမ်းကြီးဝ၊ မင်္ဂလာဒုံမြို့နယ်





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates