မူးယစ်ဆေးဝါးရှင်းလင်းသည့် RCSS နှင့် ဌာနေပြည်သူ့စစ်တို့ပစ်ခတ်မှုဖြစ်ပွါး



သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ် မတော်မှ မူးယစ်ဆေးဝါးရှင်းလင်းရေးအဖွဲ့နှင့် ဌာနေပြည်သူ့စစ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

 RCSS မှ ရှေ့တန်းတပ်သားတချို့ (ဓါတ်ပုံ- RCSS)

ဂျန္နဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းက RCSS/SSA ၏ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လဲချားမြို့နယ် တတ်မောက်အုပ်စု နောင်လုမ် ရွာဘက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများအား ရှင်းလင်းရန်အသွား တပ်မဟာ ၇၅၈  ဌာနပြည်သူ့စစ်တပ်ဖွဲ့၊ လဲချားအခြေစိုက် အစိုးရတပ်မတော်တို့နှင့် တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်ကြောင်း လဲချားမြို့မှ ဒေသခံများကပြောပါသည်။


အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံလူငယ် စိုင်းလ က“  RCSS က ဆေးစွဲသူ ရောင်းဝယ်သူတွေကို လိုက်ဖမ်းနေတုန်း  ၇၅၈ ပြည်သူ့စစ်နဲ့တိုးတော့ တိုက်ပွဲဖြစ်တယ်။ ဟိုးဘက်က စစ်ကူတောင်းလို့ ထင် တယ် လဲချားဗျူဟာက စစ်ကူ စစ်ကြာင်း ၂ ကြောင်းပို့လိုက်တယ်။ ၂၁ ရက်နေ့မှာ ဟိုလုံး ၊ တတ်မောက်၊ နောင်လုမ် ဘက်မှာ ဆက်တိုက် တိုက်ပွဲဖြစ်တယ်။ အစိုးရဘက်က ၅ ယောက်ကျတယ်ပြောတယ်။ ” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။


အဆိုပါ ကျရှုံးစစ်သား ၅ ဦးမှာ ဌာနေပြည်သူ့စစ်များဖြစ်ကြောင်းလည်း လဲချားမြို့ရောက်စစ်ပြေးတချို့ ကပြောဆိုပါသည်။ RCSS ထံမှအတည်ပြုချက်မရသေးသည့်သတင်းအရ RCSS ဘက်မှလည်း ရဲဘော်တဦးကျကြောင်း ဆိုပါသည်။


“ ၂၃ ရက်နေ့မှာ စစ်ကူစစ်ကြောင်းတွေကို ဗျူဟာကပြန်ခေါ်တယ်တဲ့။ သူတို့အချင်းချင်းချပါစေလို့ ပြောတယ်တဲ့။ ကျတဲ့လူတွေဟာ တပ်မတော်ဘက်ကတကယ်ဖြစ်ခဲ့ရင်တော့ သူတို့လွယ်လွယ်နဲ့တပ် ဆုတ်ပေးမှာမဟုတ်ဘူးလို့ထင်တာဘဲ” ဟု အဆိုပါလူငယ်ကဆက်ပြောသည်။


အဆိုပါတိုက်ပွဲကြောင့် လဲချားသို့ တိမ်းရှောင်ကြသော အုပ်စုသားတချို့ရှိကြောင်း၊ ၎င်းတို့အား သျှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ လဲချားလွှတ်တော်အမတ် စိုင်းကျော်ဇေယျက သွားရောက် တွေ့ဆုံခဲ့သေးကြောင်း ဆိုပါသည်။


“ တိုက်ပွဲဖြစ်တိုင်းထွက်ပြေးမယ်ဆိုရင်တော့ ကိုယ့်မြို့ကိုယ့်ရွာမှာ သူများတွေလာနေကုန်မှာပေါ့။ သင်ခန်းစာတွေလဲအများကြီးတွေ့ခဲ့ရပြီဘဲ။ ဒါကြောင့် မကြောက်မလန့်ကြဖို့။ နေရပ်ကနေမထွက်ပြေးဖို့ သွားအားပေးခဲ့တယ်” ဟု စိုင်းကျော်ဇေယျကပြောကြောင်း ကျားခေါင်း ပါတီဝင်လူငယ်တဦးကလည်း ပြောဆိုပါသည်။


တတ်မောက်အုပ်စုသည် လဲချားမြို့နယ်ဟ အရှေ့မြောက်ဘက်တွင်တည်ရှိသည်။ တတ်မောက်ရွာ ကွန်ဟုန်းရွာနှင့် နောင်လုမ်ရွာတို့သည် တတ်မောက်အုပ်စုဝင်များဖြစ်ပါသည်။ အဆိုပါဒေသတွင် မြန်မာ့တပ်မတော်အပြင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တပ်မဟာ ၇၅၈ အသွင်ပြောင်း ဌာနေပြည်သူ့စစ်တို့ လှုပ်ရှားပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates