လူတိုင်းမှတ်ပုံတင်လုပ်ဖို့ သျှမ်း/တောင်လူထုအား ဝန်ကြီးစိုင်းအိုက်ပေါင်းကွင်းဆင်းတိုက်တွန်း



သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်း နှင့်အဖွဲ့ သျှမ်းပြည်တောင်ပိုင်း ဒေသခံ များ နှင့်ကွင်းဆင်းတွေ့ဆုံစဉ် ဒေသခံတယောက်မကျန် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ရှိဖို့အရေး တိုက်တွန်း ပြောဆိုခဲ့သည်။

လင်းခေး-ဝမ့်ဟတ်လမ်းအား ဝန်ကြီးစိုင်းအိုက်ပေါင်း ကွင်းဆင်းစစ်ဆေးစဉ်

“ဒေသခံလူထုကို မှတ်ပုံတင်သွားလုပ်ဖို့ ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက တိုက်တွန်းတယ်။ အိမ် ထောင်စုစာရင်းတွေ ပုံစံ ၁၀၅ တွေကိုလည်း အမြန်ဆုံးအကောင်အထည် ဖော်လုပ်ဆောင်ပေးဖို့ ဆိုင်ရာအာဏာပိုင်တွေကို တွေ့ဆုံပြီးတိုက်တွန်းတယ် ” – ဟု ခရီးစဉ်တွင် လိုက်ပါသည့် ယိင်းယိင်း ကပြောသည်။


ထို့အပြင် ဒေသခံလူထုတို့ တင်ပြသော လမ်း၊ တံတားများ၊ ဝါးတားဂိတ်များ ကိစ္စကို ဝန်ကြီးက ကွင်းဆင်းလေ့လာခဲ့သည်။


“ လင်းခေးနဲ့မောက်မယ်ကြားက ကားလမ်းဆိုးရွားစွာ ပျက်စီးနေတာတွေ၊ တချို့နေရာတွေမှာ ၉ ပေအကျယ်လောက်သာရှိပြီးတော့ ပစ်စလက်ခတ်ခင်းထားတာတွေကိုပြုပြင်ပေးဖို့နဲ့  ရထား လမ်း အတွက် အသိမ်းခံရ လယ်ယာမြေတွေ ပြန်လည်စိုက်ပျိုးနိုင်အောင် ပြုပြင်ပေးဖို့ သက် ဆိုင်ရာအာဏာပိုင်တွေကို ဝန်ကြီးက ပြောဆိုတိုက်တွန်းတယ်။  ဝါးတားဂိတ် လျှော့ချပေးဖို့  ကိစ္စကိုလည်း ပြောသွားတယ်။ ဝမ့်ဟတ် နဲ့ လင်းခေးဆိုတာက ဒေသတွင်းဘဲမို့လို့ ဝါးတားဂိတ်
မထားဖို့ပေါ့။ ဒီအကြောင်း  လွှတ်တော်မှာလည်း သွားရောက်တင်ပြပေးမယ်ပြောသွားတယ်” ဟု ခရီးစဉ်တွင်လိုက်ပါခဲ့သူ မောက်မယ်ဒေသခံ  စိုင်းနွံကပြောသည်။


သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် SNDP (ကျားဖြူပါတီ) ဥက္ကဌ ၊ သျှမ်းပြည်နယ် အစိုးရ သစ်တော နှင့် သတ္တုတွင်း ဝန်ကြီး စိုင်းအိုက်ပေါင်းသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်ခ်ျလ ၂ ရက်နေ့ အထိ သျှမ်းပြည်တောင်ပိုင်း နမ့်စန် ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန် ဒေသခံများ နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။ ပါတီ၏ မူဝါဒများကို လူထုအား ရှင်းပြခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကျားဖြူပါတီ အနိုင်ရကာ သျှမ်းပြည်နယ်အစိုးရ ဖွဲ့နိုင်ရေးအတွက် ထောက်ခံမဲ ပေးဖို့လည်း မဲဆွယ် စည်းရုံး ဟောပြောခဲ့သေးကြောင်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates