မိုင်းလားဒေသသို့ ဝင်မည့်ကုန်စည်များ အစိုးရဒေသခံ အဏာပိုင်များပိတ်ထား



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ မိုင်းယန်းမြို့နယ်မှတဆင့် အထူး ဒေသ ၄ မိုင်းလား ဘက်သို့ သွားမည့် ကုန်စည်များအားလုံး မြန်မာအစိုးရအာဏာပိုင်ဘက် က ပိတ်ထားသည်မှာ တလ  ကျော်ပြီဟုဆိုသည်။



၂၀၁၅  ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှ စ၍ ယနေ့အထိ ကျိုင်းတုံ - မိုင်းလားလမ်း၊ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျဉ် - ဟိုတောဝ်းလမ်း၊ မိုင်းယောင်း - မိုင်းယု - နမ့်ပန်း လမ်းကြောင်းမှ သွားမည့် ဆန်၊ ဆီ၊ ဆား၊ ပြောင်း နှင့် အခြားထိုင်းနိုင်ငံမှ ဝင်လာသည့် ကုန်စည်များအား လုံးအား မြန်မာအာဏာပိုင်များက တာ့ပင်းတံတားတွင်လည်းကောင်း၊ မိုင်းယုတွင် လည်းကောင်း၊ မိုင်းယန်းတွင်လည်းကောင်း ထိန်းချုပ်ထားသည်။

“ပိတ်ထားတဲ့အတွက် ဆန်ထွက် အများဆုံးဖြစ်တဲ့ မိုင်းယောင်းဒေသ ခံတွေ က ဆန် နဲ့ အခြား ဒေသထွက် ပဲ၊ ပြောင်းတွေ တရုတ်ကို တင်ပို့ ရောင်းချဖို့ အခက်အခဲကြုံတွေ့ နေရ ပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်ကနေ စတင်ပိတ်ပင်တားမြစ်ထားတာခုဆို တလကျော်ပြီ” - ဟု မိုင်းယောင်း ဒေသခံ စိုင်းနွမ်တိ က ပြောသည်။

နမ့်ပန်းမြို့နေ မိုင်းလားအရာရှိတဦးက မြန်မာအာဏာပိုင်များ ယခုကဲ့သို့ ကုန်စည်များ ပိတ်ပင်ထားရခြင်းအကြောင်းရင်းနားမလည်ကြောင်း၊ သို့သော်ထိုသို့ပိတ်ဆို့မှုကြောင့် ထိခိုက်မှုမရှိကြောင်း ပြောသည်။

“မိုင်းလားတပ်ဖွဲ့ကို ထိခိုက် နစ်နာစေတာ၊ အခက်အခဲ ကြုံတွေ့ စေတာ ဘာတခုမှ မရှိဘူး။ မိုင်းလားဒေသအတွင်းထွက်တဲ့ ဆန်နဲ့တခြားသီးနှံတွေဟာ ဒေသခံလူထုအတွက် လုံ လောက် တယ်။ တခြားလူသုံးကုန် တွေလဲ တရုတ်ဘက်က ၀င်လာတယ်လေ” - ဟု အဆိုပါ မည်မဖေါ်လိုသူ အရာရှိကပြောသည်။

“ဒီဘက်ကသာ ဟိုဘက်ကိုသွားခွင့်မပေးတာ။ ဟိုဘက် ဝင်လာတဲ့ကုန်တင်ကားကြီးတွေ ဝင်ခွင့် မပေးပေမယ့် ယာဉ်ငယ်တွေနဲ့ ကဲ့ယူနေကြတာဘဲ။ လူတွေကိုလဲ အရမ်းစစ်တယ်။ ဂိတ်တွေမှာ ဆိုင်ကယ်ပေးမစီးတော့ဘူး။ ဆင်းပြီးတော့ တွန်းရတယ်၊ မိုင်းလား မှတ်ပုံတင် ကိုင်တဲ့လူတွေကိုလဲ အရမ်းရစ်တယ်။ ထိုင်းဘက်က လာတယ်ဆိုပြီး ကျနော့် ယောက္ဖနဲ့ ကျနော့်အမကိုတယောက်ဘတ်ငွေ ၅၀၀၀ ညှစ်တယ်။ တာ့ပိန်းမှာညှစ်တာ” - ဟု ဒေသခံ စိုင်းနွဲ့ ကပြောသည်။

မြန်မာအစိုးရကမိုင်းလားတပ်ဖွဲ့အား ဖုန်ကြားရှင်းဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် ပတ် သက်ဆက်နွယ်ခြင်း၊ ဆက်သွယ်သတင်းပေးခြင်း၊ လူအားငွေအားအပြင် အခြားသော စစ် ရေး ထောက်ပံ့မှုများပေးနေသည်ဟု  စွပ်စွဲထားသည်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့ ကိုးကန့်တပ်ဖွဲ့နှင့်မြန်မာအစိုးရအကြားဖြစ်ပွားသော တိုက်ပွဲနောက် ပိုင်း မိုင်းလားတပ်ဖွဲ့နှင့် ယခုကဲ့သို့ ချုပ်ချယ်ကန့်သတ်မှုများ လုပ်လာခြင်း ဖြစ်သည်။ ထို့အတူ မတ်ခ်ျ ၄ ရက်နေ့ကလည်း မြန်မာအစိုးရတပ်မတော်မှ ၁၂၀ မမ လက်နက်ကြီးနှင့် သံချပ်ကာ ကားများ ကျိုင်းတုံ - မိုင်းလား နယ်ခြား တာ့ပင်းတံတားဂိတ် သို့ ချထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates