ပြည်ထောင်စုနေ့ငြိမ်းချမ်းရေးစာချုပ်တလမပြည့်ခင် RCSS သင်တန်းစခန်းအား အစိုးရတပ် ပထမဦးဆုံးတိုက်ခိုက်



ပြည်ထောင်စုနေ့က ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA လူငယ်အရည်အချင်းမြင့်တင်ရေး သင်တန်းကျောင်းအား စနေနေ့က အစိုးရ တပ်မတော် မှ ဦးစွာစတင် တိုက်ခိုက်ခဲ့သည်။

RCSS/SSA  သျှမ်းပြည်တပ်မတော်သားများ

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁ : ၁၀ နာရီ မှ ၂: ၃၀ နာရီ အချိန်အထိ သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်မတော် ခလရ ၂၄၈ တို့ သျှမ်းပြည်တောင်ပိုင်း မောက်မယ် မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်။

အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ လင်းခေးခရိုင် မိုးနဲမြို့ အခြေစိုက် အမှတ် ၂၄၈ ခြေလျင်တပ်ရင်း အင်အား ၇၀ ခန့်က  မောက်မယ်မြို့နယ် ဝမ့်နားကျေးရွာအုပ်စု ဆောင်ကျေးရွာ  မြောက်ဘက်ရှိ သျှမ်းပြည်တပ်မတော်မှ ပြုလုပ်သင်တန်းပေးသည့် မောက်မယ်ဒေသခံ လူငယ် များ စွမ်းရည်မြင့်တင်ရေး သင်တန်းသို့  လာရောက်တိုက် ခိုက်ခြင်းဖြစ်သည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။

“အစိုးရတပ်မတော်က ကျနော်တို့သင်တန်းပေးနေချိန် လာတိုက်တာ။ ကျနော်တို့ ကင်းအဖွဲ့ နဲ့ ထိပ်တိုက်ဖြစ်တဲ့ တိုက်ပွဲပါ။ တနာရီကျော်ကြာတယ်။ ဘာကြောင့်လဲ တော့ မသိဘူး။ ဒါ ပြည်ထောင်စု နေ့က ငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြု ချက် လက်မှတ်ထိုးပြီးနောက်ပိုင်း ပထမ ဆုံး ဖြစ်တဲ့တိုက်ပွဲဘဲ။ ဒီကိစ္စ နေပြည်တော်ကိုလဲ မပြောရသေးဘူး” - ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။

ဝမ့်နားကျေးရွာအုပ်စုသည် မောက်မယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်ဝေးသည်။

တိုက်ပွဲကြောင့် နှစ်ဘက်သေကြေဒဏ်ရရှိမှု အတည်ပြုချက်မရသေးပေ။ သို့သော်လည်း သျှမ်းပြည်တပ်မတော်မှ လူငယ်စွမ်းရည်မြင့်  သင်တန်းကျောင်းဖွင့်လာသည်မှာ ၁ လကျော် ရှိပြီဖြစ်ပြီး  တိုက်ပွဲကြောင့် လက်ရှိ သင်တန်းရပ်နားထားရသည်ဟုလည်း ဒေသခံရပ်မိရပ်ဖ တဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့် ဒေသ အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွာနေချိန် ဖေဖေါ်ဝါရီ ၁၂ ရက် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဦးသိန်း စိန် အစိုးရ တို့ ငြမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိ လက်မှတ်ရေး ထိုးခဲ့သည်။ ငြိမ်းချမ်းရေး အတွက် လက်တွဲတည်ဆောက်ရန် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံကြပါသေးသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates