ရွာပြန်ကောက်ရိတ်သည့် စစ်ရှောင်ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ



သျှမ်းပြည်အလယ်ပိုင်းက တလကျော်ကြာဖြစ်ပွါးနေသော တိုက်ပွဲကြောင့် ၀မ်ဝစစ်ရှောင်စခန်းသို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံတဦး နေရပ်ပြန်  ကောက်ရိတ်ရာတွင် အစိုးရစစ်တပ်၏ ဖမ်းဆီး ရိုက်နှက်ခြင်းခံရကြောင်း သိရသည် ။


နိုဝင်ဘာလ ၂၃ ရက်မနက်ပိုင်းက ၀မ့်ဝ စစ်ရှောင်စခန်းရောက် မိုင်းအာတ်ရွာသား စိုင်းပီး အသက် ၃၂ နှစ်က ရွာသား ၂ ဦးနှင့်အတူ ရွာပြန်ကောက်ရိတ်စဉ် အစိုးရစစ်ကြောင်းနှင့်ပက်ပင်းတိုးမိပြီး ဖမ်းဆီးရိုက်နှက်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည် ။


“ မနက်စောစောကတည်းက စခန်းကနေ ထွက်သွားတာ စိုင်းပီးက ။ နေ့ခင်း ကောက်ရိတ်ပြီးထမင်း စားပြီး ၀မ်ဝပြန်လာမလို့လုပ်တုန်း စစ်ကြောင်းနဲ့ တွေ့ပြီးအဖမ်းခံရတယ် ။ သျှမ်းစစ်သားဘယ်မှာလဲ မေးတယ် ။ ဒီနားတဝိုက်က စစ်သားတွေနေတဲ့နေရာလို့ပြောတော့ သူ့ကိုဖမ်း လက်ကိုနောက် ပြန် ကြိုးတုပ်ပြီး ဗမာစစ်စခန်းမှာ လာချုပ်ထားတယ် ။ ရိုက်တယ် ။ သူခေါင်းကွဲ သွားတယ် ။ ညဘက် သူ ထွက်ပြေးလို့ လွတ်လာတယ် ။ ကျန်တဲ့ ၂ ယောက်တော့ အဖမ်းခံထားရတုန်း လို့ကြား တယ် ”- ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသည့် မိုင်းရှူးရှိ လူငယ် စိုင်းစိုင်း ကပြော သည် ။    

စိုင်းပီးသည် ယခု ၀မ့်ဟိုင်းဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည် ။


ရွာမပြန်ခင်က စိုင်းပီးအား မိသားစုက တားမြစ်သော်လည်း စပါးအညှောင့် ထပ်ထွက်မည်စိုးသဖြင့် အရဲစွန့်ကာ ရွာပြန်ကောက်ရိတ်ရခြင်း ဖြစ်ကြောင်း စိုင်းပီးက ပြန်လည်ပြောပြသည်ဟု ဆိုပါသည် ။


ဝမ်ဝ စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်ရှိ ခိုလှုံနေကြောင်းလည်း သိရသည် ။


ဝမ့်ဟိုင်းဌာနချုပ်တောင်ဘက်ရှိ ဟိုင်းပါတိုက်နယ်ဝင် မိုင်းအတ်ရွာဘက်တွင်  ရလခတိုင်းလက်အောက်ခံ  ကျေးသီး ၊ ကွန်ဟိန်းမှတပ်များ လှုပ်ရှားနေကြောင်း သိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates