မိုင်းရှူးမြို့တွင် တတိယအကြိမ်ဗုံးပေါက်ကွဲ နှစ်ဦးဒဏ်ရာရ



သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံလူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ့်စန်မြို့ နယ် ခိုလမ်မြို့သို့ ပို့ဆောင်ဆေးကု ထားရကြောင်း စုံစမ်းသိရှိ ရသည် ။

ခိုလမ်စစ်ဆေးရုံသို့သွားရန်ပြင်ဆင်နေသည့် စိုင်းဆွေနှင့်အိုက်ပေါက်
မိုင်းရှူးမြို့မှ တန့်ယန်းသို့အထွက်လမ်း မိုင်းရှူးမြို့ပြင်ရှိ ခိုစူမ် ဟူသည့်နေ ရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၂ ဦးအား ထိခိုက်ခဲ့မိခြင်းဖြစ်ကြောင်း မိုင်းရှူးမြို့တွင် စစ်ဘေး ဒုက္ခသည်များ အရေးကူညီ ဆောင် ရွက်ပေးနေသည့် နန်းစိန်ကပြောသည် ။


“ မနက် ၈ နာရီတုန်းက ဗုံးကွဲတယ် ။ မိုင်းရှူးကနေ မိုင်းအောတ် တန့်ယန်း အသွားလမ်း ခိုစူမ် ဆိုတဲ့နေရာမှာဖြစ်တာ ။ အိမ်တအိမ်ရှေ့ က ခြံစည်းရိုး မှာပေါက်ကွဲတာ ။ ၀ါးသွားခုတ်မယ့် လူ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ် ။ တယောက်က နဖူးနဲ့ ဗိုက်မှာထိတယ် ။ နောက်တယောက်က ပါးမှာ၊ လက်မှာ နဲ့ခြေထောက်မှာထိတယ် ။ နဖူးမှာထိတဲ့သူက သွေး ထွက် များလို့ ခိုလမ်မှာ သွားကုဖို့ မြို့အာဏာပိုင်တွေက စီစဉ်ပေးလိုက်တယ် ” - ဟု နန်းစိန်က သျှမ်းသံတော်ဆင့် အား ပြောသည် ။


ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးစလုံးမှာ မိုင်းရှူး ရပ်ကွက် ၄ ကွန်နားရွာ တွင်နေ ထိုင်သူများဖြစ်ကြကြောင်း ၊ ကွန်နား စိုင်းဆွေ အသက် ၂၅ နှစ်နှင့်စိုင်းပေါက် အသက် ၁၉ နှစ် တို့ဖြစ်ကြကြောင်း သိရသည် ။


“ ရွာသားတွေ လူတွေလည်း သွားလာနေကြတာဘဲ ။ သူတို့ဆိုင်ကယ် အဲ့နေ ရာမှာဖြတ်သွားမှ ဗုံးပေါက်တာ ။ သူတို့လည်းပြောတယ် ။ ဘာမှ လည်းသွား မချိတ်မိရဘူးတဲ့ ။ ၀ုန်းခနဲပေါက်ကွဲပြီးသူတို့ဆိုင်ကယ်လဲကျသွားမှ ဗုံးပေါက် မှန်းသူတို့သိတယ်လို့ပြောတယ် ”- ဟု နန်းစိန်ကပြောသည် ။


အောက်တိုဘာလ ၆ ရက်နေ့ အစိုးရတပ်မတော်မှ သျှမ်းပြည်တိုးတက်ရေး ပါတီအား စတင်ထိုးစစ်ဆင်သည့်နေ့မှစပြီး စစ်ဘေးစစ်ဒဏ်ခံရ သည့်သူများ မှာ မိုင်းရှူးမြို့သို့တိမ်းရှောင်နေထိုင်ခဲ့ရာ ယနေ့ထိ မိုင်းရှူးမြို့တွင်းတွင် စစ်ဘေးရှောင် ၁၀၀၀ ထက်မနည်းရှိနေပါသည် ။


ထိုသို့ စစ်ဘေးရှောင်များအများအပြား ခိုလှုံနေသည့် မိုင်းရှူးမြို့တွင် အောက်တိုဘာ ၂၁ တွင်တကြိမ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင်တကြိမ် ဗုံးပေါက်ကွဲမှုဖြစ် ခဲ့ပြီး ယခုတကြိမ်ပေါက်ကွဲမှုမှ တတိယ အကြိမ်ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates