SNLD အပါအဝင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် NLD တို့ ဆွေးနွေးမည်



SNLD သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါဝင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် NLD တို့အကြား မကြာခင် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည် ။


ကျနော်တို့ ပါတီထဲမှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ဆွေးနွေးပြီးပါပြီ ။ သီးခြားလည်း ဆွေးနွေးပြီးပါပြီ ။  မကြာခင်တွေ့ပါ့မယ် ။ လောလောဆယ်တော့ SNLD ကို အရင်တွေ့မယ် ။ နောက်မှ တခြားပါတီတွေကို ဆက်တွေ့ပါ့မယ် ။ ရက်တော့ မသတ်မှတ်ရသေးဘူး - ဟု ဦးဉာဏ်ဝင်းက ပြောသည် ။


NLD အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ မဟာမိတ်ဟောင်းတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေး မည် ဖြစ်သော်လည်း မည်သည့်အချက်ကို ဆွေးနွေးမည်ကို ထုတ်ဖော် မပြောဆိုနိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ဆိုသည် ။


ကျနော် တို့နဲ့ တွေ့ဖို့တော့ သူတို့ NLD က စပြောလာပါပြီ - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကလည်း အတည်ပြုပြောဆိုသည် ။


NLD ပါတီအနေဖြင့်  ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သမ္မတ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့်  တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ဘက်က မေတ္တာရပ်ခံခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ မဟာမိတ်ဟောင်း တိုင်းရင်းသားပါတီများနှင့်ပါ တွေ့ဆုံဆွေးနွေးရန် စီစဉ်လာခြင်းဖြစ်သည် ။


NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့်  ရွေးကောက်ပွဲဝင်မည်ဟု ကြေငြာစဉ် ကတည်းက  CRPP ခေါ် လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင် မဟာမိတ် တိုင်းရင်း သား ခေါင်းဆောင်များ ယှဉ် ပြိုင်မည့် မဲဆန္ဒနယ် များတွင် ယှဉ်ပြိုင်မည် မဟုတ်ဟု ပြောဆိုထားခဲ့ပြီး ရွေးကောက်ပွဲအကြိုကာလတွင်လည်း ကျားခေါင်းပါတီ  SNLD အပါဝင် တိုင်းရင်းသားပါတီအချို့နှင့် NLD ပါတီတို့အကြား ဆွေးနွေးမှုများ ရှိခဲ့သည် ။


NLD ၏ မဟာမိတ်များ ဖြစ်ကြသော ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ဘက်မှ လည်း ရွေးကောက်ပွဲအကြိုကာလကတည်းက တွေ့ဆုံမှုများ ရှိထားခဲ့ပြီးဖြစ်သဖြင့် ရွေးကောက်ပွဲ အလွန် ကာလတွင် အစိုးရဖွဲ့ရေးကဲ့သို့ ကိစ္စရပ်များအပါဝင် မဟာမိတ် ကိစ္စတွေအတွက် ဆွေးနွေးရန် အခြေအနေကောင်းများ ရှိလာနိုင်သည်ဟု ယခင်ကတည်းက ပြောဆိုထားဖူးသည် ။


NLD အနေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့အတွက် ကျနော့ အနေနဲ့ ကြိုဆိုတယ် ။ တွေ့လည်း တွေ့သင့်တယ် ။ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာက တကယ့်ဦးတည်ချက်က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမှာဖြစ်တယ် ။ အဓိကအားဖြင့် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အခြေခံ အခွင့်ရေးကို မဖော်ဆောင်ပေးနိုင်ပဲနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တိုက်ဇေးရှင်းက အောင်မြင်မှာမဟုတ်ဘူး ။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ်ဏ္ဍက အလွန်အရေးကြီးတဲ့အတွက် အဲဒါကို မျက်ကွယ်မပြုပဲ တွေ့မယ်ဆိုတဲ့ ကိစ္စ အလွန်ကောင်းပါတယ် - ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောသည် ။


ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၊ ရခိုင်အမျိုးသားပါတီ စသည့်တိုင်းရင်းသား ပါတီများသည် ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တလျှောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်ပါတီများအဖြစ် ရပ်တည်ခဲ့ကြသည့်ပါတီများ ဖြစ်ပြီး အဆိုပါတိုင်းရင်းသားပါတီများစုပေါင်း၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates