စစ်ဒဏ်ထိ ကျောက်မဲလူထုအရေးအလေးထားဖို့ လက်နက်ကိုင်တပ်ဖွဲ့အား SNLD ဗဟိုဦးစီးအဖွဲ့ဝင် တိုက်တွန်း (ဆက်သွယ်မေးမြန်းချက်)



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ဖြစ်ပွါးနေတဲ့  TNLA တအာင်းတပ်ဖွဲ့နဲ့ RCSS သျှမ်းတပ်ဖွဲ့  ကြားက တိုက်ပွဲတွေကြောင့် ကျေးလက်ရွာသား ၁၀၀၀ ကျော်ဟာ ဖေဖော်ဝါရီလ ၁၀ ရက်က မြို့ပေါ်ကို စစ်ဘေးရှောင်နေရပါတယ်။ ဒါ့အပြင် ရွာကနေ မထွက်နိုင်ဘဲ ပိတ်မိနေတဲ့ရွာသား ၂၀၀၀ လောက် ကျန်နေသေးတယ်လို့ သိရပါတယ်။ အကြောင်းစုံကို သိရအောင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် စိုင်းသန်းမောင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ် ။

 ကျောက်မဲမြို့သို့ရောက်လာသော စစ်ဘေးရှောင်များ(ဓါတ်ပုံ-Sao Mong)

မေး ။ ။ မနေ့က ကျောက်မဲကို ရောက်လာတဲ့ စစ်ဘေးရှောင်ဘယ်လောက်လောက်ရှိပါသလဲရှင့် ။


ဖြေ ။ ။ မနေ့က (ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ) အထိ စစ်ဘေးရှောင်စခန်း ၃ နေရာရှိတာ လူဦးရေ ၈၀၀ ကျော်ပါတယ် ။  ဒီကနေ့ ထပ်ပြီး ၁၅၀၀ လောက်လာပါမယ် ။


မေး ။ ။ စစ်ဘေးရှောင်စခန်း ၃ နေရာဆိုတာက ဘယ်မှာလဲ ။


ဖြေ ။ ။ ကျောက်မဲ ဘိုးဘွားရိပ်သာမှာတနေရာ။ ၃၀၀ ကျော်ရှိတယ်။ သီဟိုဠ်ဘုန်းကြီးကျောင်းမှာ ၃၀၀ ကျော်ရှိတယ် ။ အောင်ဆုပန်ဆရာတော်ကျောင်းမှာလဲတချို့ရှိတယ် ။ နမ့်စလင်းကျောင်းမှာလဲ ရှိတယ် ။ ကျောင်းဟိုနမ့်မှာလည်း တချို့ရှိတယ် ။


မေး ။ ။ စစ်ဘေးရှောင်တွေက ……… ။


ဖြေ ။ ။ ပလောင်နဲ့ သျှမ်း တဝက်စီပါတယ် ။


မေး ။ ။ စစ်ဘေးရှောင်တွေကိုသွားပြီး ကူညီထောက်ပံ့တာရှိလားရှင့် ။ ဘယ်ကအဖွဲ့တွေလဲနော် ။


ဖြေ။ ။ဘယ်အဖွဲ့မှမရှိသေးဘူး။ ကျနော်တို့ကျောက်မဲက ဘိုးဘွားကူညီစောင့်ရှောက်ရေးအသင်းရယ် ကျောက်မဲလူထုရယ် တတ်နိုင်သမျှ အစားအသောက်တွေ အဝတ်အထည်တွေနဲ့ စောင်တွေသွားပေးပါတယ်။ မနေ့က တနေ့လုံးနဲ့ ဒီနေ့မနက်စာသွားပြီးထောက်ပံ့ပြီးပြီ။ အခုလည်း ကျောက်မဲလူထုက ကား ၁၀ စီး လောက်နဲ့ ရွာမှာပိတ်မိနေတဲ့သူတွေကို သယ်ထုတ်ဖို့ ထွက်သွားနေပါတယ်။ တော့ဆန်၊ ပန်စံနဲ့ ကန့်ကန်မှာ ၁၅၀၀ လောက်ကျန်နေတယ်။

မေး ။ ။ ဒီစစ်ဘေးရှောင်တွေ အဓိကလိုအပ်နေတာ ၊ အဓိက ဖြစ်ချင်နေတာတွေက ဘာတွေလဲ ။ တကယ်လို့ အဖွဲ့အစည်းတွေက သွားပြီးအကူအညီပေးမယ်ဆိုရင်ပေါ့ ။


ဖြေ ။ ။ အခု သူတို့ထွက်ပြေးလာတာ အဝတ်တထည်ကိုယ်တခုဘဲလေ ။ ဘာမှမရလာဘူး ။ ရှင်းရှင်းပြောရင် အဓိက စစ်ပွဲကိုမလိုလားကြဘူးပေါ့ ။ ထွက်ပြေးတဲ့သူတွေကိုလည်း တအာင်းတပ်ကပြောတယ် ။ အိမ်ကို တံခါးသော့မခတ်ခဲ့နဲ့ ။ သော့ခတ်တဲ့အိမ်ကိုမီးရှို့မယ်တဲ့ ။ သဘောကတော့ တံခါးမခတ်ထားရင် သူတို့လိုတာ တက်ယူနိုင်တယ်လေ ။ ရွာသားတယောက်က ပြောပြတာက  ရွာမှာရောင်းဖို့ ဆန်အိတ် ၁၀၀ လှောင်ထားတာ တရက်တည်းနဲ့တအာင်းတပ်က လာသိမ်းသွားတယ် - အဲလိုလဲရှိတယ် ။ ကုန်စုံဆိုင်တွေလည်း ဝင်မွှေခံရ တယ် ။ ဆန် ၊ ဆီ ၊ ဆားယူသွားတယ် ။ ရွာသူတွေကို ရွာလယ်မှာ မုဒိန်းကျင့်တာတွေတောင်ရှိတယ်လို့ ရွာသား တွေ လာပြောပြတယ် ။ အခုတော့ ဆန်ရွာက တရုတ်ဘုံကျောင်းမှာ ရွာသား ၂၀၀၀  လောက် ပိတ်မိနေတယ် ။


မေး ။ ။ ဘယ်ရွာက ရွာသားတွေလဲရှင့်အဲဒီမှာပိတ်နေတာက ။


ဖြေ ။ ။ တော့ဆန်အုပ်စုတစုလုံး ၊ မန်းကွန်းတအုပ်စုလုံး ပိတ်မိနေတယ် အဲ့ဒီတရုတ်ဘုံကျောင်းမှာ ။ ပြီးတော့ ပန်စံတရွာလုံး ၊ ပန်ကောန်ရွာ ၊ ကန့်ကန်ရွာတွေတော့ ကြိုကြားကြိုကြားရောက်လာနေတယ် ကျောက်မဲကို ။


မေး ။ ။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုပြောချင်ပါသလဲရှင် ။


ဖြေ ။ ။ ကျနော့်အနေနဲ့တိုက်တွန်းချင်တာက - အခုလို ရွာသားတွေ ဓါးစာခံဖြစ်နေရတာ ၊ အနိုင်ကျင့်ခံနေရ တာကို သျှမ်းပြည်သားတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်အနေနဲ့ရော ၊ သျှမ်းပြည်သားတွေ စစ်ဘေးစစ်ဒဏ်ခံရမှာစိုးလို့ အစိုးရတောင်းဆိုမှုကို လိုက်လျောတပ်ဆုတ်ပေးထားတဲ့ သျှမ်းပြည်တပ်မတော်အနေနဲ့ရော ဒီကိစ္စကို အလေးအနက်ထားစေချင် တယ် ။ လူထုအရေး မိဘပြည်သူအရေးကို အလေးထားစေချင်တယ် ။ လက်နက်မဲ့ရွာသားတွေ အနိုင်ကျင့်ခံနေ ရပါတယ် ။ ဘာလုပ်သင့်သလဲဆိုတာ မြန်မြန်ဆန်ဆန် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးပါ ။  NCA စာချုပ်ကြောင့် အထက်အမိန့်ချည်းစောင့်နေမယ်ဆိုရင် သျှမ်းပြည်သားတွေ သေကုန်လိမ့်မယ် ။ မဟာမိတ်တွေရဲ့ခွင့်ပြုချက် တွေကိုချည်း စောင့်နေရင် ရွာသားတွေ သေကုန်လိမ့်မယ်လို့ ပြောချင်ပါတယ် ။


သျှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ်နဲ့  RCSS တို့ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ပစ်ခတ်တိုက်ခိုက်မှု တွေ ဖြစ်ပွါးနေခဲ့တာ ဆွေးနွေးညှိနှိုင်းမှုမရှိနိုင်သေးဘဲ ကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေခဲ့တာ ဖြစ်ပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates